Thursday, November 28, 2013

Active Directory (Part 2)

WorkGroup Network မှ Active Directory Network ကို ပြောင်းခြင်း။


ကဲအပေါ်ပုံ workgroup network ကို Active Directory Network တစ်ခု ဖြစ်အောင် ပြောင်းကြရအောင်။ အဓိကတော့ server စက် ကို အရင် စလုပ်ရပါမယ်။ server ကို Active Directory တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ ရာထူးပေးပေးရမယ်။ တနည်းအားဖြင့် domain controller server ဖြစ်အောင် လုပ်ပေးရမယ်။ Domain Controlller ဖြစ်ပြီးသွားရင် သူ့ထဲမှာဘဲ client computer တွေမှာ log in ၀င်သုံးမယ့် username account အားလုံးကို  ဆောက်ပေးရမယ်။  


ACServer computer ကို Domain controller server ဖြစ်အောင်လုပ်ဖို့ဆိုရင် Run Box ထဲမှာ “DCpromo” ဆိုတဲ့ command ကို ရိုက်ပေးရတယ်။အောက်ကပုံလို။

DCpromo=DCpromation။ ဒါက Domain Controller အဖြစ် ACServer ကို promotion တက်ပေးလိုက်လို့ပြောလိုက်တဲ့ သဘောပါဘဲ။ အဲ့ဒီအခါ configuration page တွေတက်လာလိမ့်မယ်။ အဓိကတော့ ထို configuration page မှာ domain name ပေးပေးရပါတယ်။ alphachannel.com , yatanpon.com စသဖြင့်ပေါ့။ Domain controller ဆိုမှတော့ သူ control လုပ်မယ့် domain ကို ပြောပေး ရတဲ့သဘောပေါ့။ ပြီးတော့ functional level တွေသတ်မှတ်ပေးရတယ်။ domain functional level, forest functional level တွေ သတ်မှတ်ပေးရပါမယ်။ domain functional level 2000,2003,2008 ထဲက ကြိုက်တဲ့ functional level တစ်ခုခုပေါ့။forest functional ကလည်း အဲ့လိုဘဲ။ functional level ပေါ်မူတည်ပြီး DC Server က လုပ်ဆောင်နိုင်တဲ့ function တွေကွဲသွားတယ်။ ဥပမာ forest functional level 2008 R2 ထားမယ်ဆိုရင် AD recycle bin feature တွေရလာတယ်။AD recycle feature က user account, OU account တွေကိုမှားဖျက်မိလိုက်ရင် လွယ်လွယ် ကူကူနဲ့ ပြန် restore လုပ်လို့ရတယ်။ ထို functional level ကိုထားချင်တိုင်းလည်း ထားလို့မရဘူး။ထို 2008 R2 forest functional level ရဖို့အတွက် သူ့အတွက် လိုအပ်တဲ့ အချက်တွေကို လိုက်လုပ်ပေးရတယ်။ဥပမာ forest functional level 2008 R2 ထားမယ်ဆို၇င် domain functional level အားလုံးက server 2008 R2 ဖြစ်ရမယ်။ ပြီးရင် domain functional level က 2008R2 ဖြစ်သွားတဲ့အတွက် DC အားလုံးကို server 2008 R2 လိုက်ပြောင်းပေးရမယ်။ တခြား သူ့ထက်နိမ့်တဲ့ server version တွေ ဖြစ်လို့မရဘူး။ ဥပမာ server 2000,2003။ အား…ထားလိုက်တော့…ပို ရှုပ်သွားပြီ ထင်တယ်။ default ထားလည်း ဘာမှ ပြသနာ မရှိဘူး။ ဒါကြောင့် AD အကြောင်း မရေးချင်တာ။ ရေးရမယ့် ဟာတွေက အများကြီး။ လူကလည်း ပျင်း အချိန်ကလည်း မရှိဆိုတော့….ထားလိုက်ပါတော့ဗျာ… (Functional level အကြောင်း အသေးစိတ်သိချင်ရင် ကျွန်တော့်ရဲ့ AD 640 note မှာ ကြည့်နိုင်ပါတယ်။)..နောက်တစ်ခု DC setup မှာ လုပ်ရတာက မိမိ  configuration page တစ်ခုမှာ ပေးခဲ့တဲ့ Domain (ဥပမာ alphachannel.com) ကို control လုပ်နိုင်အောင် DNS server ကို Domain Controller မှာ တခါတည်း သွင်းပေးရပါမယ်။ တနည်းအားဖြင့် DC server က DNS server အနေနဲ့ပါ အလုပ်လုပ်မှာ။
Client ဘက်ခြမ်းမှာ configuration လုပ်ခြင်း။

Client Computer တွေမှာ Domain Controller မှာဆောက်ထားတဲ့ user account ကိုသုံးပြီး log in ၀င်နိုင်အောင်လုပ်ရပါမယ်။ ဒါ့အတွက်  Client Computer တွေနဲ့ Domain Controller ကို ပထမ တကြိမ် ချိတ်ထားပေးရပါမယ်။အဲ့ဒါကို domain join တယ် လို့လည်း ခေါ်ပါတယ်။ တစ်ကြိမ် join ပြီးရင် ရပါပြီ။ နောက်တစ်ကြိမ် ထပ်ချိတ် (join) စရာမလိုပါဘူး။ တစ်ကြိမ် join ပြီးလိုက်ရင် ထို domain join ထားတဲ့ computer ထဲကို Domain controller မှာ ဆောက်ထားတဲ့ username ,password တွေထဲက ကြိုက်တဲ့ username, password ကို သုံးပြီး log in ၀င်လို့ရပါပြီ။ အဲ့ဒီလို domain ချိတ်လိုက်တဲ့ computer တွေကို Domain Member computer လို့ခေါ်ပါတယ်။

အောက်ကပုံက Client Computer မှ Domain Join ပြီး domain member ဖြစ်အောင်လုပ်နေတဲ့ပုံပါ။

Client computer ကို domain member computer ဖြစ်အောင် လုပ်ရမယ့် procedure ( တနည်းအားဖြင့် domain join တဲ့ procedure) က

Client computer ထဲ administrator right နဲ့ ၀င်ပါ။အရင်ဦးဆုံး Computer ရဲ့ DNS server IP မှာ Domain controller ရဲ့ IP ကို ဖြည့်ပါ။ Domain controller က DNS server အနေနဲ့လည်း လုပ်တယ်လေ။ DC တင်တုန်းက DNS server ဖြစ်အောင် လုပ်ခဲ့တယ်လေ။ client computer IP ကိုတော့ Domain controller နဲ့ NetID တူတဲ့ IP ပေးရမှာပေါ။့ ဒါမှလည်း client computer နဲ့ DC server တို့ ဆက်သွယ်နိုင်မှာလေ။  ပြီးရင် System Property ထဲက (ပုံထဲမှာ) change ကို နှိပ်ရမယ်။ ပြီးရင် domain option box ကို on ပြီး Domain Name ကို ပေးပေးရမယ်။ ပေးရမယ့် domain name က Domain controller setup လုပ်သုံးက ပေးခဲ့တဲ့ domain name ကို ထည့်ပေးရမယ်။ (သတိထားရမှာက  Domain name ပေးတဲ့အခါ Domain controller computer name ဖြစ်တဲ့ ACServer.alphachannel.com ကို ပေးလို့မရဘူး။ alphachannel.com ဆိုပြီး domain name ကိုဘဲ ပေးပေးရမယ်။ (Domain Name အစား Server computer ရဲ့ NetBios Name လည်းထည့်လို့ရပါတယ်)

(Advance Knowledge: Logic က ဘယ်လိုလုပ်လဲဆိုရင် client computer က DNS server ဆီကို alphcahnnel.com domain (domain name မှာ alphachannel.com ကိုထည့်ခဲ့လို့) ကို control လုပ်ကြတဲ့ Domain Controller တွေရဲ့ IP တွေကို လှမ်းတောင်းတယ်။ DNS Server (DNS server က Domain Controller Server မှာ DC setup လုပ်တုန်းက တခါတည်း ဆောက်ထားခဲ့တာလေ) က Client Computer ဆီကို Domain controller IP ကို ပြန်ပေးတယ် (DNS server က သူ့မှာ ရှိတဲ့ SRV record ကိုကြည့်ပြီး ပေးရမယ့် domain controller တွေရဲ့ IP ကိုသိတယ်) (client computer ကို ဘယ် DNS server က ဆီ DC IP သွားတောင်းရမှန်းသိနိုင်အောင်လို့လည်း client computer မှာ ဒါကြောင့် DNS server setting ကို ထည့်ထားခဲ့ရတာ) client computer က DNS server ဆီ ရလာတဲ့ DC IP ကို သုံးပြီး Domain Controller ကို လှမ်း ဆက်သွယ်ပြီး Domain Member ဖြစ်အောင်လုပ်တယ်။ အဲ့ဒီအချိန်မှာ client computer မှာ domain member ဖြစ်ဖို့အတွက် Domain Controller Server မှာ ဆောက်ထားတဲ့ username နဲ့ password ကိုထည့်ပေးရလိမ့်မယ်။ (client computer မှာဆောက်ထားတဲ့ username, password ကို သုံးလို့မရဘူးနော်။ ဒါကြောင့် Domain Controller ကို join ချင်တယ်ဆိုရင် domain controller မှာ ဆောက်ထားတဲ့ user name, password တစ်ခုခုကို သိထားမှ ရလိမ့်မယ်။အားလုံးပြီးသွားရင် အောက်ကပုံမျိုးပေါ်ပြီးရင် စက်ကို restart ချခိုင်းပါလိမ့်မယ်။ (Advance Knowledge: DC server မှာ domain join မယ့် computer အတွက် အရင် computer object ဆောက်ပြီး domain join ခွင့်ပေးမယ့် user account ကို ကြိုသတ်မှတ်ပေးထားလို့ရတယ်)

Client Computer ထဲ log on ၀င်ခြင်း။

ဒါဆိုရင် computer က domain member ဖြစ်သွားပြီ။ ဒါဆိုရင် ကျွန်တော် မေးကြည့်ချင်တာ တစ်ခုရှိတယ်။ အရင်က ထို client computer မှာ မမေသွယ်တို့ ရဲမျိုးသူတို့က local account (ထို client computer မှာဆောက်ထားတဲ့ user account) တွေကို သုံးပြီး ထို client computer ထဲ log on ၀င်သုံးလေ့ရှိတယ်။ သူတို့က data သူတို့ရဲ့ file တွေကို My Document folder, Desktop ထဲမှာ သိမ်းထားလေ့ရှိတယ်။ client computer က Domain Member လုပ်လိုက်ရင် မမေသွယ်တို့တွေက computer ထဲ သူတို့ အရင်က သုံးခဲ့တဲ့ local user account နဲ့ log on ဆက်ဝင်လို့ရနိုင်ဦးမလား။အရင် သိမ်းထားခဲ့တဲ့ file တွေကို access လုပ်လို့ရမယ် ထင်သေးလား။ မေးရတာက ကျွန်တော် AD စလုပ်တုန်းက မရဘူးလို့ ထင်ခဲ့လို့ပါ။ (ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာပါ J)

ရတယ်ဗျ။ Domain Member ဖြစ်သွားပေမယ့် Log on Screen မှာ user name ,password ဖြည့်ရတဲ့ အောက်မှာ Log on To ဆိုတဲ့ combo box တစ်ခုရှိတယ်။အောက်ကပုံမျိုး။

ထို Combo box မှာ Computer ထဲကို Local user account (log in ၀င်မယ့် computer  မှာ ဆောက်ထားတဲ့ user name) ကိုသုံးပြီးဝင်မှာလား (this computer) Domain user account (Domain Controller မှာ ဆောက်ထားတဲ့ user name နဲ့ password) ကိုသုံးပြီး ၀င်မှာလားဆိုပြီး ရွေးလို့ရတယ် (Domain Name) မမေသွယ်တို့က သူတို့ အရင်တုန်းက သုံးနေတဲ့ account တွေနဲ့ ၀င်မယ်ဆိုရင် Combo box ထဲမှာ Local (this computer) ကိုရွေးပေး၇မယ်။ ဒါဆိုရင် workgroup နဲ့ သုံးခဲ့တဲ့ အချိန်တုန်း ကလိုမျိုးဘဲ local user account ကိုသုံးပြီး log in ၀င်လို့ရတယ်။ Domain ချိတ်လိုက်လို့ အ၇င်တုန်းက သုံးသလိုမျိုး ပြန်မရတော့မှာကို စိတ်ပူစရာမရှိဘူး။ Domain controller Down သွားလည်း This computer ကိုရွေးပြီး local account နဲ့ စက်ကို ၀င်သုံးလို့ရသေးတယ်။ Domain Controller down သွားလည်း စက်ထဲကို domain account နဲ့ log on ၀င်လို့ မရတော့ပေမယ့် local administrator account (local account) နဲ့ဝင်ပြီး အရင် ၀င်သုံးခဲ့တဲ့ domain account တွေရဲ့ profile folder (Desktop,My Document) တွေကို သွားကြည့်လို့ရတယ်။သွား သုံးလို့ရတယ်။

ဆိုပါတော့။ သန့်ဇင်စိုးက Computer 10 ထဲမှာ domain user name (thantzinsoe) ကိုသုံးပြီး computer ကိုအမြဲတမ်းသုံးတယ်။ Domain Controller ပျက်သွားတယ်။ဒါကြောင့် သန့်ဇင်စိုးက computer 10 ထဲကို domain user name ဖြစ်တဲ့ thantzinsoe user account ကိုသုံးပြီး ၀င်သုံးလို့မရတော့ဘူး။ သန့်ဇင်စိုးက မိမိကိုပြောတယ်ဆိုပါတော့။ DC computer ပြင်နေတယ်။ သူ့ account ကိုသုံးပြီး စက်ထဲဝင်လို့မရဘူး။ ဒါပေမယ့် သူ့ Desktop မှာ တင်ထားတဲ့ file ကို အရေးတကြီးလိုနေလို့ memory stick ထဲ ထည့်ယူသွားချင်တယ်လို့ပြောတယ်။ ဒါဆို ဘယ်လို လုပ်ပေးမယ် စိတ်ကူးလဲ။လာမရှုပ်နဲ့လို့ဘဲ ပြောမလား။  ကျွန်တော်ကတော့ computer 10 ထဲကို ၀င်ပြီး Log on To combo box ထဲမှာ “this computer” ကို ရွေးပြီး administrator account (local computer ရဲ့ administrator account ပါ) နဲ့ computer 10 ထဲ log in ၀င်မယ်။ ပြီးရင် သန့်ဇင်စိုး သိမ်းထားတဲ့ file ကို C:\DocumentAndSetting\ thantzinsoe\desktop folder ထဲကနေ ယူပြီး memory stick ထဲ ပြန်ထည့်ပေးလိုက်မယ်။ (အရင်ဦးဆုံး thantzinsoe profile folder ထဲ ၀င်နိုင်ဖို့အတွက်တော့ administrator owner ship ပြန်ယူဖို့တော့ လိုမှာပါ။ မဟုတ်ရင် ထို folder ထဲ ၀င်လိုက်တဲ့အခါ Access Deny လို့ ပြနေမယ်ထင်တယ်။)

အနှစ်ချုပ်:Domain controller Server မှာ ဆောက်ထားတဲ့ user ကို domain user လို့ခေါ်တယ်။ မိမိ log in ၀င်တဲ့ client computer စက်မှာ ဆောက်ထားတဲ့ user ကို local user လို့ခေါ်တယ်။ Domain join ထားတဲ့ computer (domain member computer) ထဲကို ၀င်ဖို့ဆိုရင် domain user ဖြစ်ဖြစ် local user ဖြစ်ဖြစ်သုံးပြီး ၀င်လို့ရတယ်။အချုပ်ပြောရမယ်ဆိုရင် member computer မှာ domain user နဲ့ window ထဲ log in ၀င်ချင်ရင် Log on to combo box မှာ domain name ကိုရွေးရမှာဖြစ်ပြီး local account နဲ့ window ထဲ log in ၀င်ချင်ရင်တော့ this computer ကို ရွေးရမှာ ဖြစ်ပါတယ်။

Domain Controller တစ်ခုထက် ပိုထားခြင်း။

Active Directory ဆိုတာက Active directory domain service ကို အတိုခေါ်တာပါ။DC (domain controller server) တွေက AD domain service ကို လုပ်ပေးပါတယ်။(domain controller server ဆိုတာက dcpromo နဲ့ domain controller server role တင်ထားတဲ့ server ကိုပြောတာပါ။ အရင်က အဲ့ဒါကို အမြဲ ရှုပ်တာ။ DC ဆိုတာ စက်လား။ ဘာကြီးလည်းဆိုပြီး။) AD domain service ကို သုံးချင်တဲ့ computer တွေကို DC နဲ့ ချိတ်ပေးရပါတယ်။(domain member ဖြစ်အောင်လုပ်တာကိုပြောတာ) Active directory Network ထဲမှာ domain controller တွေပါမယ်။ Domain ကို ချိတ်ထားတဲ့ (DC ဆီ ချိတ်ထားတဲ့ computer) Domain Member Computer, Domain Member Server တွေလည်း ရှိမယ်။ Member Server ဆိုတာက File Server, Print Server, DHCP Server တို့ကို domain join ထားတာ။

AD Network လို့ပြောလိုက်တာနဲ့ မျက်စိထဲ မြင်ကြည့်ရမှာ Domain Controller role တင်ထားတဲ့ domain controller server တွေပါမယ်။ Domain controller ကို join ထားတဲ့ member computer တွေပါမယ်။ member computer တွေက client window လည်းဖြစ်နိုင်တယ်။ Server window လည်းဖြစ်နိုင်တယ်။

AD Network တစ်ခုမှာ Domain controller server တစ်လုံးမကလည်း ရှိနိုင်ပါတယ်။ Backup နဲ့ Load balancing function ရချင်ကြတဲ့ အတွက် တော်တော်များများက Domain controller server ကို နှစ်လုံးထားလေ့ရှိတယ်။။(မြန်မာပြည်မှာကတော့ Domain Controller ကို တစ်လုံးလောက်ဘဲ ထားတာကို တွေ့တာများပါတယ်။) Domain controller server ကို တစ်လုံးထက် ပိုပြီး ဘာလို့ထားသင့်တယ်ဆိုတာကို ပြောပါ့မယ်။ Network မှာ Domain Controller server တစ်လုံးတည်း ထားတဲ့အခါ ထို Domain Controller server က ပျက်သွားရင် user တွေက client computer တွေထဲကို log in ၀င်လို့မရတော့ဘူး။(domain user account နဲ့။ local user account နဲ့တော့ ရသေးတယ်) ဘာလို့လည်းဆိုတော့ client computer မှာ user တွေ ထည့်လိုက်တဲ့ domain username နဲ့ password ကို စစ်ပေးဖို့အတွက် Domain Controller Server Computer က မရှိတော့ဘူးလေ။ ဒါကြောင့် Domain Controller Server computer နှစ်လုံးထားထားရင် တစ်လုံးပျက်သွားလည်း နောက်တစ်လုံးက client တွေအတွက် authentication ဆက်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ Client တွေက DC(Domain Controller) server တွေနဲ့ ဆက်သွယ်လို့ DC Server ဘက်ခြမ်းမှာ ဖြစ်နိုင်တဲ့ Network Traffic ကို ကြည့်ကြည့်ရအောင်။ client computer တွေက DC ဆီကို username နဲ့ password ဘဲ လှမ်း စစ်ခိုင်းမှာ မဟုတ်ဘူးလေ။  Client computer က DC ဆီက မိမိတို့နဲ့ဆိုင်တဲ့ profile folder တွေကိုလည်း download ချနိုင်တယ်။ Group Policy တွေကိုလည်း download ချနိုင်တယ်။ ဒါဆိုရင် DC server က client တစ်လုံးဆီကို data ပို့ဖို့အတွက် bandwidth တော်တော်များများ သုံးလိုက်ရမယ်။ ပြီးတော့ DC မှာ client request များရင်များ သလောက် processing (CPU, Memory loading) လည်း များများလုပ်ရလိမ့်မယ်။ အဲ့ဒီ အချိန်မှာ DC တွေ နှစ်လုံးထားထားရင်တော့ client တွေရဲ့ request ကို DC နှစ်လုံးမှာ ခွဲလုပ်လို့ရတဲ့အတွက် DC ဆီမှာ traffic လည်းလျော့သွားတယ်။ processing လည်း လျော့သွားတယ်။ client computer တွေက ရာချီ ရှိနေရင် Domain Controller တစ်လုံးထက် ပို ထားသင့်တာပေါ့။ “Active Directory Site and Service” မှာ subnet နဲ့ site ခွဲပြီး ဘယ် subnet က Client computer တွေက ဘယ် DC ဆီသွား။ ဘယ် subnet က client တွေ ဘယ် DC ဆီသွား ဆိုပြီး ပြောထားလို့ရပါတယ်။

Domain ချိတ်ထားတဲ့ computer မှ ရိုးရိုး workgroup computer ပြန်ပြောင်းခြင်း။

ကျွန်တော် အရင်က မသိခဲ့တာ တစ်ခုရှိတယ်။ ကျွန်တော်မေးကြည့်မယ်။ Domain ချိတ်ထားတဲ့ computer တစ်လုံးကို workgroup ကို ပြန်ပြောင်းတဲ့အခါ သူ့ရဲ့ Domain controller Server နဲ့  connection ရှိဖို့လိုသလား။ ဥပမာ computer13 ဆိုတဲ့ computer တစ်လုံးကို domain controller နဲ့ ချိတ်ထားပြီး သုံးတယ်။ဒီ computer 13 ကို တခြား Company ကို ရောင်းလိုက်တယ်။ ထို company မှာ AD ကိုမသုံးဘူး။ တနည်းအားဖြင့် Domain Controller မရှိဘူး။ ဒါကြောင့် computer 13 ကို domain member (alphachannel.com domain ရဲ့ member) ဖြစ်နေတာကနေ ရိုးရိုး workgroup ကို ပြန်ပြောင်းချင်တယ်။ အဲ့ဒီ အချိန်မှာဆိုရင် Domain ပြန်ဖြုတ်ဖို့အတွက် computer 13 ရဲ့ network မှာ DC Server ကရှိမနေဘူးလေ။ အဲ့ဒီ အချိန်မှာ computer 13 ကို workgroup ပြောင်းပေးလို့ရမလား။အဖြေက ရပါတယ်။ ထို Client computer ထဲကို local administrator right နဲ့ log on ၀င်လိုက်ပါ။ ပြီးရင် My Computer Property ကနေတဆင့် domain ကနေ WorkGroup option ကိုရွေးလိုက်ပါ။ workgroup name ကိုထည့်ပြီး ok နှိပ်လိုက်ရင် အောက်ကပုံမျိုး user name,password ထည့်ရတဲ့ dialog box ကျလာလိမ့်မယ်။ အရင်တုန်းကတော့ အဲ့ဒီ username,password က domain controller မှာ ရှိတဲ့ username, password ကိုထည့်ရမယ်လို့ ထင်ခဲ့တာ။ နောက်ပိုင်းကျမှ ဒီ စက်ရဲ့ administrator right ရှိတဲ့ username နဲ့ password ကို ထည့်ခိုင်းတာမှန်းသိတယ်။အောက်ကလိုမျိုး။ ပုံမှာ network card ကို disable လုပ်ပြီး client ကို domain က နေ workgroup ပြောင်းနေတာပါ။

လွယ်လွယ်ပြောရင်တော့ client computer ကို domain ချိတ်ရင် client computer မှာ လာတောင်းတဲ့ username,password dialog box မှာ DC server ပေါ်မှာဆောက်ထားတဲ့ username နဲ့ password ကို ထည့်ရတယ်။client ကို domain ဖြုတ်ရင်တော့ local computer ရဲ့ username နဲ့ password ကို ထည့်ရတယ်။

Workgroup Computer ဖြင့် Domain controller ပေါ်ရှိ share folder တစ်ခုကိုသုံးခြင်း။

ကျွန်တော် မသိခဲ့တာ တစ်ခု ရှိသေးတယ်။ (အင်း….ဒီ post မှာတော့ ကျွန်တော် ညံ့တာတွေ တော်တော် ပေါ်ကုန်ပြီ)  Domain Controller ပေါ်မှာ Share folder ဆောက်ပြီး thantzinsoe user အတွက် write permission ပေးထားတယ်။ computer 1 ကိုဘဲ domain ချိတ်ထားတယ်။ ဒါဆို computer 1 က domain member ဖြစ်နေပြီပေါ့။ computer 2 က workgroup ကိုဘဲသုံးပြီးတော့ network ချိတ်ထားတယ်။Domain မချိတ်ရသေးဘူး။domain member မဟုတ်ဘူးပေါ့။ ထို computer 2 ကနေ Server ဆီက share folder တွေကို သုံးချင်ရင် သုံးလို့ရနိုင်လား။workgroup နဲ့ဘဲ။ ရပါတယ်။ အောက်မှာ ဆက်ရှင်းပြထားပါတယ်။

computer 1 (domain join ထားတယ်) ကနေ server ထဲက share folder ထဲဝင်မယ်ဆိုပါတော့။ ဒါဆိုရင် computer 1 ကနေ သန့်ဇင်စိုးက thantzinsoe domain user account နဲ့ computer ထဲ log in ၀င်မယ်။ Run box ထဲကနေ \\ACServer လို့ ရိုက်ပြီး enter နှိပ်လိုက်ရင် domain controller ဆီဝင်သွားတယ်။တနည်းအားဖြင့် computer 1 မှာ Domain Controller Server က share ပေးထားတဲ့ folder တွေကို လာပြနေမှာပေါ့။

Server ထဲဝင်ဖို့ user name , password တွေလာမတောင်းဘူး(အောက်ကပုံလို)။

ဘာလို့ အဲ့လို user name နဲ့ password ကို လာမတောင်းလည်းဆိုရင် Domain controller က thantzinsoe ဆိုတဲ့ user account ကို register လုပ်ထားပြီးပြီလေ။ thantzinsoe user account နဲ့ client computer ထဲ log in ၀င်လိုက်တဲ့ အချိန်ကတည်းက register လုပ်ထားတာ။(window log in screen မှာ user name ကို thantzinsoe လို့ဖြည့်ခဲ့တာကိုး) ဒါကြောင့် သန့်ဇင်စိုးက Domain controller ဆီက share folder လှမ်းခေါ်ရင် authentication ထပ်လုပ်ပေးစရာ မလိုတော့ဘူး။ သန့်ဇင်စိုးက thantzinsoe folder (share) ထဲက data တွေကို တန်းသုံးလို့ရမယ်။ ဟုတ်ပြီ။ ဒါဆိုရင် Computer 2 ကနေကော server မှာ share ပေးထားတဲ့ thantzinsoe folder တွေကို သုံးလို့ရမယ် ထင်လား။ computer 2 က domain မချိတ်ထားတဲ့ ရိုးရိုး workgroup computer ဘဲလေ။ ဘယ်လိုထင်လဲ။ ကျွန်တော်ကတော့ အရင်တုန်းက မရဘူးလို့ဘဲ ထင်ခဲ့တာ။ computer တစ်လုံးက AD network ထဲက resource (share file,folder) တွေကို သုံးချင်ရင် ထို computer ကို domain ချိတ်ကို ချိတ်မှ၇မယ်လို့ ထင်ခဲ့တာ။

ဒါပေမယ့် client computer က domain မချိတ်ထားလည်း AD network ထဲက resource တွေကိုသုံးလို့ရတယ်ဗျ။ computer 2 ထဲကို Local user account တစ်ခုခုကိုသုံးပြီး window ထဲဝင်လိုက်တယ်။ ပြီးရင် Run box ထဲကနေ \\ACServer လို့ ရိုက်ပြီး enter နှိပ်လိုက်ရင် Username နဲ့ password ကိုတောင်းတဲ့ dialog box တစ်ခု ကျလာမယ်။(အပေါ် ပုံမှာပါတယ်) ထို dialog box ရဲ့ user name နဲ့ password text box ထဲမှာ domain controller ထဲမှာ ဆောက်ထားတဲ့ username,password တွေကိုထည့်နိုင်တယ်။ domain controller မှာ ဆောက်ထားတဲ့ thantzinsoe user account ကို ထည့်လိုက်ရင် ACServer မှာ share လုပ်ထားတဲ့ share folder တွေကျလာလိမ့်မယ်။ထိုထဲမှာမှ thantzinsoe user အတွက် permission ပေးထားတဲ့ share folder တွေကို ဖွင့်လို့ရမယ်။ သုံးလို့ရမယ်။dialog box ထဲမှာ thanzinsoe user အစား MaMayTwe username,password ကိုထည့်လိုက်မယ်ဆိုရင် mamaytwe account အတွက် permission ပေးထားတဲ့ share folder တွေကို သုံးလို့ရမယ်။

(Advance Knowledge: workgroup computer ကို ၀င်တဲ့ username,password (local account) ကို ဆောက်တဲ့အခါ domain controller server မှာ ရှိတဲ့ user name,password နဲ့ တူအောင်ပေးထားပြီး ထိုဆောက်ထားတဲ့ local user account နဲ့ဘဲ log on ၀င်သုံးတယ်။ ပြီးတော့ server ကို လှမ်း access လုပ်ရင် username,password တောင်းတဲ့ dialog box မကျဘဲ တန်းဝင်သွားတယ်။ ဘာလို့လည်းဆိုရင် Server က username,password မတောင်းခင် အရင် process တစ်ခုလုပ်တယ်။ client computer မှာ log in ၀င်ထားတဲ့ username ,password က မိမိမှာ ရှိတဲ့ username,password နဲ့ တူလားဆိုတဲ့ process ကိုလုပ်တယ်။တူနေရင် client computer ထဲ log in ၀င်ထားတဲ့ username ကိုဘဲ server မှာ register,authentication လုပ်လိုက်တယ်။share folder လှမ်း access ခေါ်လိုက်တဲ့ အချိန်ကျရင် username, password ကိုထပ်မတောင်းတော့ဘူး။ client အချင်းချင်း access လုပ်တဲ့အခါမှာလည်း ဒီ logic ကိုဘဲသုံးတယ်။ ကျွန်တော် file sharing topic ကိုရေးတုန်းက ရေးခဲ့ဖူးမယ်ထင်ပါတယ်။ File Sharing ခန်း ကိုလည်း ဆက်ရေးပါဦးမယ်။ ရေးဖို့ အချိန်မရသေးလို့ပါ။ ဘာမှန်း မသိ အလုပ်ရှုပ်နေတာပါ။)

ဒါဆိုရင်တော့ AD part 2 ကို နားလိုက်ဦးမယ်ဗျ။ စာမျက်နှာလည်း တော်တော်များသွားပြီ။ ခေါင်းတွေလည်း မူးလာပြီ။ AD Part 3 ဆက်ရေးပါဦးမယ်..Part 3 မှာတော့ client computer တွေမှာ user တွေကို ဘာတွေလုပ်ခွင့်ပေးမယ်၊ မပေးဘူး ဆိုတာတွေကို ကို Group Policyကို သုံးပြီး ဘယ်လို ကန့်သတ်မလဲ။ Domain Controller မှာ ရှိနေတဲ့ Hard Disk Storage space ကို user တွေကို ဘယ်လိုမျိုး ခွဲဝေပေးသုံးမလဲ။  Client တစ်လုံးချင်းစီမှာ software လိုက်သွင်းဖို့ မလိုဘဲ Group Policy ကနေတဆင့် software ကို ဘယ်လို သွင်းမလဲ။ ခဏခဏ ကြုံဖူးတဲ့ window login ၀င်တဲ့ process မှာ domain user name, password မှန်ပေမယ့် “Domain Controller cannot be contacted, Password on Computer account is incorrect, Computer account might be missing” ဆိုတဲ့ error တွေပေါ်လာရင် ဘယ်လို လုပ်ရမလဲ, ပြီးရင် Computer တစ်လုံးမှာ domain user နဲ့ ၀င်လိုက်ပြီဆိုရင် ဘယ်လို Group Policy processing လုပ်သွားမလဲ(computer object အတွက် group policy တစ်ခု။ user object အတွက် group policy တစ်ခု+ local group policy)။Profile folder ကို ဘယ်လို ပို့ပေးမလဲ။ share folderဆိုတာတွေကို Network Drive နဲ့ ဘယ်လို auto ပေးမလဲဆိုတာတွေကို AD part 2 မှာရေးသွားပါ့မယ်။

ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် AD part 3 လာဖို့ထက် ဟို part 3 လာဖို့ကိုဘဲ ပိုစိတ်ဝင်စားနေကြမယ် ဆိုတာကိုပါ။ : )

AD အသေးစိတ်ကို သိချင်ရင် ကျွန်တော် exam ဖြေတုန်းက လုပ်ထားတဲ့ AD Note ရှိပါတယ်။ 640 training kit ထဲက အကြောင်းအရာတွေကို မြန်မာလို ပြန် note ထုတ်ထားတာပါ။ ကိုယ် နားသလိုဘဲရေးထားတော့ ဖတ်ရတာ အဆင်ပြေချင်မှ ပြေမှာပါ။ လိုအပ်ရင်တော့ Email ပို့ပြီးတောင်းနိုင်ပါတယ်။ Exam Question တွေကိုလည်း မြန်မာလို note ထုတ်ထားတာရှိပါတယ်။  Exam တုန်းက ဖြေခဲ့တဲ့ မေးခွန်းတွေပါ စုထားတာ ရှိပါတယ်။ လိုအပ်ရင်တော့ email ပို့ထားလို့ရပါတယ်။

No comments:

Post a Comment